Saturday 11 May 2013

[Myanmar weather watch] မုန်တိုင်းသတင်း

မုန်တိုင်းသတင်း ၂၀၁၃ခုနှစ်၊ မေလ (၁၂)ရက်နေ...
Aung Myin Oo12 May 02:26
မုန်တိုင်းသတင်း
၂၀၁၃ခုနှစ်၊ မေလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၆း၀၀)နာရီ အချိန် ထုတ်ပြန်ချက် - မိုးဇလ

ယနေ့ မြန်မာစံတော်ချိန် (၀၅း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏ အနောက်တောင်ဘက် မိုင် (၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ ၏အရှေ့ တောင်ဘက် မိုင် (၄၈၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားလျက် ရှိပြီး၊ မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၅၀)မှ မိုင်(၆၀)အထိ ရှိနိုင်ပါသည်။

မဟာစင်(MAHASEN) ဆိုင်ကလုန်မုန်တိုင်းသည် နောက် (၂၄)နာရီအတွင်း ပိုမို အားကောင်းလာ နိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ် နိုင်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မေလ (၁၃)ရက်နေ့ မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ ကွေ့ လျက် မေလ (၁၆)ရက် နေ့ နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း)
ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေ ဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရ ပါသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

http://www.moezala.gov.mm/index.php?option=com_content&view=article&id=29&phpMyAdmin=a06c69eca7f0741cc06c32dba5bdb4b2&lang=my