Tuesday 28 June 2011

[Myanmar weather watch] New doc: "တကယ်ဆိုရင် အစီအမံကောင်းဘဲ လိုတယ်"။ မောင်ထွန်းလွင် (မိုးလေ၀သ) (28-6...

created the doc: ""တကယ်ဆိုရင် အစီအမံကောင်းဘဲ လိုတယ်"။ မောင်ထွန်းလွင် (မိုးလေ၀သ) (28-6-2011) "
Aung Myin Oo created the doc: ""တကယ်ဆိုရင် အစီအမံကောင်းဘဲ လိုတယ်"။ မောင်ထွန်းလွင် (မိုးလေ၀သ) (28-6-2011) "

မိုးရွာသွန်းမှုအခြေအနေ။

 

၂၀၁၁ ခုနှစ်မှာ နှစ်စကတည်းက လက်ရှိ မိုးဦးကာလအကုန် အထိ မိုးတွေကောင်း နေခဲ့ပါတယ်။ ဇွန်လ ဒုတိယ ဆယ်ရက်ပတ် အကုန်ကာလအထိ မြန်မာနိုင်ငံတလွှားရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးများ အသီးသီးမှာ ရွာသွန်းခဲ့ပြီး ဖြစ်တဲ့ မိုးရွာသွန်းမှုအခြေအနေတွေကို ကြည့်တဲ့အခါ မှာတော့ တပြည်လုံးမှာ ရွာသွန်းမြဲကို မပြည့်မီဘဲ လျော့နည်းနေခဲ့တဲ့ ဒေသရယ်လို့ တစ်ခုမှမရှိခဲ့ဘဲ၊ အားလုံး ရွာသွန်းမြဲ နဲ့ ရွာသွန်းမြဲရဲ့အထက် ကျော်လွန်နေခဲ့တာကို တွေ့ရပါတယ်။ အများအားဖြင့် ၃၀% မှ ၅၀% လောက်အထိ မိုးတွေပိုနေခဲ့ကြပါတယ်။ မကွေးတိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း နဲ့ မွန်ပြည်တို့လောက်သာ ရွာသွန်းမြဲခန့်ရှိတယ်လို့ သတ်မှတ်ချက်အရသာ ပြောခဲ့ရပေမယ့် အမှန်တော့ ကိန်းဂဏန်းအရပြောရရင် မကွေးတိုင်းမှာ +၅%၊ ပဲခူးတိုင်းတောင်ပိုင်းမှာ +၁၁% နဲ့ မွန်ပြည်နယ်မှ +၁၇% ရှိနေလို့ တစ်ခုမျှ အနှုတ်မထွက်ခဲ့ကြပါဘူး။ ဒီတော့ ဒီနှစ် မိုးကောင်း ခဲ့တယ်ပေါ့ဗျာ။

 

 

မြေဆီလွှာ စွတ်စိုမှုအခြေအနေ။

 

          ဒီနှစ်အဖို့ မိုးကြိုကာလရော မိုးဦးကာလရော မိုးတွေကောင်းနေခဲ့ပါတယ်။ တကယ်တော့ ဒီနှစ် ဇူလိုင်လအထိ အခုလို မိုးတွေကောင်းမယ်ဆိုတာကို ဖေဖေါ်ဝါရီလလောက်ကတည်းက ကြိုတင် ခန့်မှန်း နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်ကို "အပူမကဲ၊ မိုးမနည်း" တဲ့နှစ် လို့ ကြိုတင်ပြောခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ၊ ဒုတိယ ဆယ်ရက်ပတ် အကုန်မှာတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ အနက် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း နဲ့ မကွေးတိုင်း ဒေသကြီး တွေမှာသာ မြေဆီလွှာစွတ်စိုမှု အခြေအနေဟာ ခြောက်သွေ့တဲ့ အခြေအနေများ ရှိနေကြတာကလွဲရင်၊ တပြည်လုံးမှာ မြေဆီလွှာ စွတ်စိုမှုဟာ ပြည့်ဝတဲ့ အနေအထားကို ရောက်ရှိ နေကြတာကိုတွေ့ရပါတယ်။ တစ်နည်း ပြောရရင် လက်ရှိအနေအထားဟာ စိုက်ပျိုးရေး လုပ်ငန်းများ အတွက် အပင်များပျိုးထောင်ဖို့ စိုက်ပျိုးဖို့အတွက် မြေဆီလွှာ စွတ်စိုမှုအပိုင်း အနေနဲ့ လိုရေ လုံးဝမရှိတဲ့ အခြေအနေဘဲ ဖြစ်ပါတယ်။

 

 

မုန်တိုင်းများဖြစ်ပေါ်မှုအခြေအနေ။

 

၂၀၁၁ ခုနှစ်ရဲ့ မိုးကြိုကာလတစ်ခုလုံး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်ကြိမ်မှ မဖြစ် ပေါ်ခဲ့ပါဘူး။ မိုးဦးကာလထဲ ရောက်လာတော့မှ ဇွန်လ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့ အထိ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ကုန်းတွင်းပိုင်းမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ မုန်တိုင်းကတော့ ရေပေါ်မှာ မတည်ရှိခဲ့ဘဲ ကုန်းတွင်းအဖြစ်နဲ့သာ အစမှ အဆုံး ပြီးဆုံးသွားခဲ့တဲ့အပြင်၊ အင်အားကလည်း Deep depression အဆင့်လောက်နဲ့သာ ပြီးသွားခဲ့တာမို့ အပျက်အစီးအနေနဲကတော့ မများခဲ့ပါဘူး။ ဒါပေမယ့် သူကိုအကြောင်းပြုပြီး မြန်မာ့ကမ်းရိုးတန်း တလျှောက်မှာ မုတ်သုံလေတွေ အားကောင်းခဲ့တာမို့ မြန်မာပြည်မှာတော့ မိုးတွေ အများကြီးရရှိ စေခဲ့ပါတယ်။

 

အဲဒီနောက်  (၂၄-၆-၂၀၁၁) မှ (၂၆-၆-၂၀၁၁) ရက်နေ့အထိ အပူပိုင်းမုန်တိုင်း Haima မုန်တိုင်း ဗီယက်နမ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ သူ့ရဲ့အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာပြည်ဖက်ကို ဦးတည် ရွေ့လျှား လာတာကြောင့် မြန်မာနိုင်ငံ မြေလတ်ပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာ မိုးများရရှိစေခဲ့ ပြန်ပါတယ်။ ကတယ်တော့ အရှေ့ဖက်ရှိ တောင်တရုတ် ပင်လယ်ပြင်ဖက်က မုန်တိုင်းတွေ ဟာ ဗီယက်နမ်နိုင်ငံ ကမ်းခြေကို လတ္တီတွဒ် 20 N အောက်နိမ့်တဲ့ လတ္တီတွဒ်ကဖြတ်ပြီး၊ အနောက်ဖက်ကို ဆက်လက်ရွေ့လျှားလာတဲ့ တိုင်းဖွန်း မုန်တိုင်း အနွယ်ဝင်တွေဟာ မြန်မာပြည်ကို မိုး(၃)ဆင့် ရွာစေ ပါတယ်။ ပထမဆင့်အနေနဲ့ ကမ်းခြေကို ဖြတ်ဖြတ်ချင်းဘဲ မြန်မာပြည် ကမ်းရိုးတန်း ဒေသတွေကို မိုးရွာစေပါတယ်။ အဲဒိနောက် အနောက်ဖက်ကို ဆက်လက်ရွေ့လာတဲ့  တိမ်တိုက်တွေဟာ ကမ်းကို ဖြတ်အပြီးနောက် (၂၄) နာရီကနေ (၃၆) နာရီလောက် အကြာမှာ မြန်မာပြည်အတွင်းကို ဖြတ်သန်း ၀င်ရောက်လာတဲ့ အခါမှာတော့ ဖြတ်သန်းသွားတဲ့ နေရာ တလျှောက် မိုးတွေရွာစေပြန် ပါတယ်။  ဒါက ဒုတိယအဆင့်ပါ။ နောက်ဆုံးဖြစ်တဲ့ တတိယအဆင့် ကတော့ အဲဒီမုန်တိုင်းအကြွင်းအကျန် လေပွေလှို်င်းဟာ အားမကုန်သေးလို့ ဘင်္ဂလားပင်လယ်အော်ထဲ ဆင်းသွားခဲ့ရင် ဘင်္ဂလား ပင်လယ်အော်ထဲက မုတ်သုံလေကို အားပြန်ပျိုးလာစေပါတယ်။ သူကိုယ်တိုင်လည်း တစ်ခါတစ်လေ ဘင်္ဂလား ပင်လယ်အော်ထဲ ရောက်လာတာနဲ့ လေဖိအားနည်းရပ်ဝန်း တစ်ခါတစ်လေ အဲဒီမှတစ်ဆင့် မုန်တိုင်းငယ် စသဖြင့် ဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်သာမက တပြည်လုံးလို မိုးတွေကောင်း လာစေတတ်ပါတယ်။ Haima မုန်တိုင်းကတော့ အဆင့် (၁) နဲ့ (၂) မိုးတွေ ကောင်းကောင်းပေးခဲ့ပါတယ်။ အဆင့် (၃) ကတော့ သိပ် ပီပီပြင်ပြင် မရှိခဲ့ပါဘူး။

 

 

မိုးတွေများလာတော့ ရေတွေကြီးမှာလည်း စိုးတယ်။

 

လှည်းဘီးစက်ဝန်းရဲ့နောက်ကို နွားလားဟာ စဉ်ဆက်မပြတ် လိုက်တတ်ဘိသကဲ့သို့၊ လွန်ကဲတဲ့ ရာသီဥတု ဖြစ်စဉ်ရဲ့ နောက်ကိုလည်း သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ သဘာဝဘေးဟာလည်း အမြဲမပြတ် လိုက်တတ်ပါတယ်။ ဒါကတော့ မိုးတွေများတယ် ဆိုကတည်းက ရေလျှံတာတွေ၊ မြေပြိုတာတွေ တစ်ခါတည်း ပါလာတော့တာပါဘဲ။ မိုးတွေ ဆက်တိုက် များနေခဲ့တဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ မြေပြိုကျတာတွေ ရေဖုံးလွှမ်းတာတွေ ရေလျှံတာတွေ(ရေကြီးတဲ့ အဆင့်တော့ မရောက်သေးပါ) ဖြစ်လာ ပါတော့တယ်။ အထူးသဖြင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအတွင်းက င၀န်မြစ်ရိုး တလျှောက်၊ စစ်တောင်းမြစ်ရိုး တလျှောက်၊ ပဲခူးမြစ်ရိုး တလျှောက်ရှိ စိုက်ခင်း လယ်ကွင်းတွေ ရေမြုပ်ကုန်တာ ဟာ အဆိုးဆုံး ဖြစ်လာပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာတာဝန်ကျနေတဲ့ စိုက်ပျိုးရေးပညာရှင်တစ်ဦးကတော့ ပြောဖူးပါတယ်။ မြစ်ဝကျွန်းပေါ် စပါးတွေကတော့ ရေမြုပ်တာကို တစ်လလောက်အထိ ခံနိုင်ရည် ရှိတယ်လို့ ပြောဘူးပါတယ်။ အခုဟာကတော့ ပျိုးထောင်ထားတဲ့အဆင့် သာရှိနေသေးလို့ ကွဲလွဲမှုရှိမရှိတော့ ကျွန်တော် မပြောတတ်ပါဘူး။ သေချာတာကတော့ မကြာမ်ီလာတော့မယ် မိုးလယ်မိုးတွေသာ ကောင်းမယ်ဆိုရင်တော့ ရေကြီးမှုအန္တရာယ်ဟာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ပြဿနာ ဖြစ်လာမှာ မလွဲပါဘူး။

 

 

အသွင်တစ်မျိုးနဲ့ အဆင်ပျိုးနေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက မုန်တိုင်းတွေ။

 

          ဒီနှစ်ဖြစ်ပေါ်နေတဲ့ မိုးလေ၀သဖြစ်စဉ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ဘင်္ဂလား ပင်လယ်အော်ထဲက မုန်တိုင်းဖြစ်စဉ်တွေဘဲ ဖြစ်ပါတယ်။ အဲဒီအထဲက အဓိက အကြောင်းတစ်ရပ်ကတော့ ၂၀၀၆ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို နှစ်စဉ် မုန်တိုင်း ဖြတ်နေခဲ့တဲ့ ဖြစ်ရပ်ရဲ့ အတိတ်တစ္ဆေခြောက် ခံရတာက ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် ဒီနှစ် မုန်တိုင်းဝင်နေကျကာလဖြစ်တဲ့ မိုးကြိုကာလကို အထူးသတိထား စောင့်ကြည့်နေခဲ့ပါတယ်။ သက်သာရာရစေခဲ့တဲ့ကတော့ ၂၀၁၁ မိုးကြိုကာလမှာ ကျွန်တော်တို့ မုန်တိုင်းဘေးက ကင်းဝေးခဲ့ကြ ရပါတယ်။ ဘာပြုလို့လည်းဆိုတော့ မိုးကြိုကာလမှာ မုန်တိုင်းတစ်ကြိမ်မှ မဖြစ်ခဲ့လို့ ဖြစ်ပါတယ်။ အခုတစ်ခါ နောက်တစ်ဆင့် မိုးဦးကာလဟာလည်း ကုန်လွန်ခဲ့ ပြန်ပါပြီ။ ကုန်းတွင်းမုန်တိုင်း ဖြစ်တာက လွဲလို့ မုန်တိုင်းမဖြစ်ခဲ့ သေးပါဘူး။ ဒီတော့ ၂၀၁၁ ခုနှစ် နှစ်တစ်ဝက်ကျိုးတဲ့ အထိ ဘင်္ဂလားပင်လယ် အော်မှာ မုန်တိုင်းဖြစ်ပေါ်မှုဟာ သုညဖြစ်နေဆဲ ပါဘဲ။

 

 

မုန်တိုင်းဖြစ်ပေါ်မှုဆိုင်ရာ စဉ်းစားစရာ အတိတ်ခြေရာနှစ်ခု။

 

          မုန်တိုင်းများဖြစ်ပေါ်မှုဆိုင်ရာ အတိတ်မုန်တိုင်းရာဇ၀င်များက ဖေါ်ပြနေတာ(၂)ခုရှိနေပါတယ်။ ပထမ တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုများ စတင်ဖြစ်ပေါ်ခဲ့တဲ့ ၁၉၇၈ ခုနှစ် နောက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံမုန်တိုင်းတွေ ဖြစ်တာလျော့ကျလာနေပါတယ်။ မုတ်သုံကာလ(၄)လဖြစ်တဲ့ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ နဲ့ စက်တင်ဘာလတွေမှာ ၁၉၇၈ ခုနှစ် နောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းတွေဖြစ်တာ လျော့နည်းလာလိုက်တာ မနှစ်ကများဆိုရင် အဲဒီ(၄)လ လုံးအတွင်း မုန်တိုင်းတစ်ကြိမ်မျှ မဖြစ်ခဲ့ပါဘူး။ ဒါမျိုး အခြားနှစ်တွေမှာလည်း မကြာမကြာ တွေ့နေရပါ တယ်။ အလားတူဖြစ်ရပ်မျိုး ဒီနှစ်မှာလည်း တွေ့ရဦးမယ့် အလားအလာတွေ မြင်နေရပါတယ်။ အခုဘဲ ကြည့်လေ အခုဇွန်လကုန် အထိ မုန်တိုင်းတစ်ကြိမ်မျှ မဖြစ်သေးပါဘူး။ ဒီတော့ ဒီနှစ် ၂၀၁၁ ခုနှစ်ဟာ စက်တင်ဘာလ ကုန်တဲ့အထိ မုန်တိုင်း တစ်ကြိမ်မျှ မဖြစ်တဲ့ နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါ ဘယ်လို အကြောင်းတွေဘဲဖြစ်ဖြစ် ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်မှာ အနည်းဆုံး မုန်တိုင်း (၄) လုံးတော့ ဖြစ်တာကိုတွေ့ရပါတယ်။ တစ်ခါ ၁၉၇၈ ခုနှစ်နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုကြောင့် မုတ်သုံ မုန်တိုင်း ဖြစ်တာ လျော့ကျ လာပေမယ့် တစ်နှစ်ပျမ်းမျှ (၆) လုံးတော့ ဖြစ်တာတွေ့ နေရပါ တယ်။

 

 

မုန်တိုင်းတွေဝေစီနေမယ့်   ဒီနှစ်ရဲ့ … မိုးလွန်ရာသီ။

 

ဒီတော့ ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ချပြလာတဲ့ အဖြေက (၂) ချက်ပါဘဲ။ ဒီနှစ် မုန်တိုင်းဖြစ်ဖို့ လက်ကျန်ကာလဟာ မိုးလွန်ကာလ (၃) လဖြစ်တယ်။ ဒီကာလ အတွင်းဖြစ်လာနိုင်တဲ့ မုန်တိုင်းအရေအတွက်ဟာ (၄) လုံးမှ (၆) လုံးဖြစ်ပါတယ်။ ဒီတော့…ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ မိုးလွန်ရာသီဟာ မုန်တိုင်းတွေနဲ့ ဝေစီနေမယ့် ကာလတစ်ခုဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ တောင်တရုတ် ပင်လယ်ပြင်က တိုက်ဖွန်းတွေကလည်း အခု ဇွန်လကုန်အထိ ပစိဖိတ်သမုဒ္ဒယာ အနောက်ခြမ်းမှာ မုန်တိုင်း (၇) လုံးသာ ဖြစ်ပါသေးတယ်။ အမှန်က.. ဒီဒေသဟာ တစ်နှစ်ကို (၂၉)လုံးအထိ ဖြစ်ပါတယ်။  ဒီတော့ ဒီနှစ် Haima တွေအများကြီး ကျန်နေပါသေးတယ်။

 

 

Right Theory in Wrong Place ဖြစ်မှာ စိုးရပါတယ်။

 

စိုက်ပျိုးရေးမှာ မိုးရေလိုတာမို့ မိုးရွာတာ ကောင်းလှပါတယ်။ ဒါပေမယ့် သူ့အချိန်အခါနဲ့ သူ ဖြစ်ရပါ့မယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် အခါလွန် မိုးတွေ ဖြစ်သွားပါလိမ့်မယ်။ "မိုးလွန်မှ ထွန်ချတာ၊ မကောင်းသလို၊ ထွန်ချပြီးမှ မိုးလွန်နေရင်" ကော အဆင်ပြေပါ့မလား ဗျာ။ ၂၀၁၁ ခုနှစ်မှာ ဒီ "ထွန်ချပြီး မှ မိုးလွန်" နေမှာကို စိုးရိမ်ရပါတယ်။ မိုးလေ၀သကတော့ ဒီလိုမိုးတွေကို "အချိန်အခါ မဟုတ်မိုး" တွေ လို့ခေါ်ပါတယ်။  အချိန်အခါမဟုတ် ဆိုမှတော့.. တစ်ခုခုတော့ လွဲနေပြီပေါ့ဗျာ။

 

 

တကယ်ဆိုရင် အစီအမံကောင်းဘဲလိုတယ်။

 

ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ ၇၀% လောက်ရှိနေတဲ့ တောင်သူ လယ်သမားကြီး တွေအတွက် နဲ့ အများပြည်သူတွေ အတွက် ဒီနှစ် ကျွန်တော်တို့ ရာသီဥတုနဲ့သဘာဝဘေးဆိုင်ရာ ဘာတွေ သတိထားရ ပါ..မလည်း?။ ပထမဆုံးကတော့ လာမယ့် မိုးလယ်ကာလမှာ ကြုံတွေ့နိုင်တဲ့ ဒုတိယရေ ကြီးကာလနဲ့ မိုးနှောင်းမိုးလွန် ကာလမှာ ကြုံတွေ့နိုင်တဲ့ တတိယ ရေကြီးကာလတွေမှာ ကြုံတွေ့နိုင်တဲ့ ရေကြီးမှုကို သတိထားရပါ့မယ်။ ဒုတိယကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်းရာသီ ဖြစ်တဲ့ မိုးလွန်ကာလမှာ ကြုံတွေ့ လာရနိုင်တဲ့ မုန်တိုင်းများ အန္တရာယ်ကို သတိထားရပါ့မယ်။ မနှစ် ၂၀၁၀ က အောက်တိုဘာလမှာ မုန်တိုင်း (၃) ကြိမ်ဖြစ်ခဲ့ပြီး တစ်ကြိမ် (Giri မုန်တိုင်း) မြန်မာနိုင်ငံကို ဖြတ်သန်းဝင်ရောက်ခဲ့တယ်။ နိုဝင်ဘာမှာ (၁) ကြိမ်နဲ့ ဒီဇင်ဘာမှာ တစ်ကြိမ် ထပ်ဖြစ်ခဲ့သေးလို့ မနှစ်က မိုးလွန်ကာလမှာ မုန်တိုင်းမိုးတွေ များခဲ့တာ မျိုးကိုလည်း သတိထား ရပါမယ်။ ဒီတော့ ဘာတွေ ကြိုတင် စီမံထားသင့်သလည်း ?။

 

ရေကြီးမှု ကာကွယ်ရေး လုပ်ငန်းဆောင်တာများ ကြိုတင်စီစဉ်ထား သင့်ပါတယ်။ တာတွေမကြိုးရအောင်၊ တာတမံတွေ အတွင်း ရေသိုလှောင်မှုကို အလျော့အတင်း စံနစ်တကျ စီစဉ်ထားသင့်ပါတယ်။ ရိတ်သိမ်းမှုတွေကို အချိန်နဲ့ တပြေးညီဖြစ်အောင် စီစဉ်ထားသင့် ပါတယ်။ အချိန်မီ အမိုးအကာအောက် ရောက်အောင် လုပ်ဖို့ တစ်နည်းပြောရရင် တလင်းလွတ် ရိတ်သိမ်းစံနစ်မျိုးတွေ စီစဉ်ထားသင့်တယ်။ တကယ်တော့ ဒါတွေရဲ့ အသေးစိတ်ကို လယ်ယာ စိုက်ပျိုးရေး တာဝန်ရှိကြတဲ့ ပညာရှင်တွေက ပိုပြောနိုင်မှာပါ။

 

တကယ်ဆိုရင် အချစ်ဘဲ…အဲ..အဲ..ဆောရီးဗျာ။ " တကယ်ဆိုရင် အစီအမံကောင်းဘဲလိုတယ်" လို့သာ  ပြောချင်ကြောင်းပါဗျာ။  Dr. Tun Lwin - MCCW

 

ဒီနေရာမှ ရယူ ဖော်ပြသည်။

http://www.tunlwin.com/latestdetail.php?myanmar=405


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment