Monday, 13 June 2011

[Myanmar weather watch] New doc: ၂၀၁၁ ခုနှစ်၊ ရာသီဥတု ရဲ့ လက်ရှိ အခြေအနေ နဲ့ ရှေ့ အလားအလာ မောင်ထွန်...

created the doc: "၂၀၁၁ ခုနှစ်၊ ရာသီဥတု ရဲ့ လက်ရှိ အခြေအနေ နဲ့ ရှေ့ အလားအလာ  မောင်ထွန်းလွင် ( မိုးလေ၀သ )"
Aung Myin Oo created the doc: "၂၀၁၁ ခုနှစ်၊ ရာသီဥတု ရဲ့ လက်ရှိ အခြေအနေ နဲ့ ရှေ့ အလားအလာ မောင်ထွန်းလွင် ( မိုးလေ၀သ )"

အခုဆိုရင် ရာသီကာလအပိုင်းအခြားအနေနဲ့ ၂၀၁၁ ခုနှစ်ရဲ့ မိုးဦးကာလ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အခုနှစ်အဖို့ အနောက်တောင် မုတ်သုံလေဟာလည်း မြန်မာတစ်နိုင်ငံလုံးကို မေလ (၃၁) ရက်ကတည်းက ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဒီနှစ် မိုးလေ၀သအခြေအနေကလေးတွေကို ပြောပြချင်လာပါတယ်။ ဘာပြုလို့လည်း ဆိုတော့ အခု ဇွန်လ (၁၂) ရက်နေ့ ကပဲ ဟင်္သာတမြို့ မှာ သြဘာ လယ်ယာသုံး ပစ္စည်း ကုမ္ပဏီ က ဦးစီးကျင်းပပြုလုပ်ခဲ့တဲ့ တောင်သူလယ်သမားကြီး တွေကို ရာသီဥတု ပြောင်းလဲမှုနဲ့ အခုနှစ် ရာသီဥတု အလားအလာ အခြေအနေ ဟောပြောပွဲ မှာ တောင်သူ ဦးကြီးတွေ လက်ရှိဖြစ်နေတဲ့ ရာသီဥတု အခြေအနေကို အလွန် သိချင် နေကြတာကို ကိုယ်တိုင် တွေ့ခဲ့ ရပါတယ်။ ဒါဆိုရင် အခြားဒေသက တောင်သူကြီးတွေလည်း သိချင်ကြပေလိမ့်မယ်လို့  ကျွန်တော် တွေးလာမိလို့ပဲ ဖြစ်ပါတယ်။

 

 

လာနီညာဖြစ်စဉ် ပြီးဆုံးခဲ့ပြီ။

၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ကုန်ကာနီး ကတည်းက ဖြစ်ပေါ်နေခဲ့တဲ့ လာနီညာ ဖြစ်စဉ်ဟာ ၂၀၁၁ မေလ အကုန်မှာ ပြီးဆုံး လိမ့်မယ်လို့  ကြိုတင် ခန့်မှန်း ထားခဲ့တဲ့ အတိုင်း အခု မေလ အကုန်မှာ ပြီးဆုံးခဲ့ပြီ၊ ဖြစ်ပါတယ်။ မေလ အကုန်မှာ တိုင်းတာ ရရှိခဲ့တဲ့ ပစိဖိတ် သမုဒ္ဒယာ အလယ်က ပင်လယ်ရေ မျက်နှာပြင် အပူချိန်တွေကို ကြည့်တဲ့အခါ လာနီညာ စောင့်ကြည့်ဖို သတ်မှတ်ထားတဲ့ Nino-1, Nino-2 ဧရိယာတွေမှာ ပင်လယ်ရေ အပူချိန်တွေဟာ ပုံမှန် ထက် +0.7 C ပိုနေတာကို တွေ့ရပါတယ်။ ကျန်နေသေးတဲ့ နေရာ (၂) နေရာ ဖြစ်တဲ့ Nino-3.4 ဧရိယာ တွေကို ကြည့်လိုက်တဲ့ အခါမှာတော့ အခု မေလ အကုန်မှာ ပထမဆုံး အကြိမ်အဖြစ် ပုံမှန်ရဲ့အောက် လျော့နည်းမှုဟာ လာနီညာ ဖြစ်စဉ် အတွက် သတ်မှတ်ထားတဲ့ -0.5 C မရှိတော့ပဲ၊ ပုံမှန်ရဲ့ အောက်  -0.1 C သာ ရှိတော့တာကို တွေ့ရ ပါတယ်။ ဒါကြောင့် ၂၀၁၀ -၂၀၁၁ လာနီညာ ရာသီဥတု ဖြစ်စဉ်ဟာ ၂၀၁၁ ခုနှစ်၊ မေလ အကုန်မှာ လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

 

 

လာနီညာပြီးတော့ ဘာဖြစ်ဦးမှာလည်း ???

ဒါကို မစဉ်းစားပဲ နေမလားဗျာ။ သိပ် စဉ်းစားတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ လာနီညာ - အယ်လ်နီညို စောင့် ကြပ်ကြည့်ရှုရေး ဗဟိုဌာန (၂၅) ခု တို့ရဲ့ အနာဂတ်ကာလ ခန့်မှန်းချက် တွေကို ကြည့်လိုက်တော့ ဒီခန့်မှန်းရေး ဗဟိုဌာန အားလုံးအပေါ်က ပျမ်းမျှအမြင်ကတော့ အခု ကျန်ရှိနေသေးတဲ့ ၂၀၁၁ လက်ကျန် ကာလတွေ အတွင်း လာနီညာ ပြန်ဖြစ်ဖို့ က ၂၃%၊ အယ်လ်နီညို ဖြစ်ဖို့ ကလည်း ၂၁% ရှိနေပြီး၊ ဘယ်ဖက်မှ မ လိုက်ပဲ ကြားနေနှစ် ဖြစ်ဖို့ က ၅၆% ရှိတယ်လို့ အဖြေထွက် ထားပါတယ်။ ပစိဖိတ်သမုဒ္ဒယာရဲ့ ပင်လယ်ရေ မျက်နှာပြင် အပူချိန် ပြောင်းလဲမှု ကလည်း Nino 3.4 ဧရိယာတွေမှာ အများဆုံး အပူချိန်  +0.1 C ခန့် သာ ရှိနိုင်တယ်လို့ ခန့်မှန်း ထားတာကြောင့် လက်ရှိ အခြေအနေ အရတော့ ၂၀၁၁ နှစ်ကုန်တဲ့ အထိ ကျန်ကာလတွေဟာ ကြားနေနှစ်ဖြစ်ဖို့ များနေ ပါတယ်။

 

 

မိုးတိမ်တောင်တွေရဲ့ အန္တရာယ်

မြန်မာနိုင်ငံမှာ မိုးကြိုကာလ၊ မိုးလွန်ကာလနဲ့ မုတ်သုံလေအားပြတ်တဲ့ မိုးတွင်းကာလတွေ ဖြစ်ပေါ်လေ့ရှိတဲ့ မိုးတိမ်တောင်တွေ ရဲ့ အန္တရာယ်ဟာ ၂၀၀၆ ခုနှစ် ကစပြီး သိသိသာသာ တစ်နှစ်ထက် တစ်နှစ် တိုးလာ နေပါတယ်။

 

အဲဒီ အန္တရာယ် တွေကတော့ လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက်ခြင်း၊ လေဆင်နှာမောင်း တိုက်ခြင်း၊ စိုက်ဆင်း လေပြင်း တိုက်ခတ်ခြင်း၊ လျပ်တပြက် ရေကြီးခြင်း နဲ့ မြေပြို ကျခြင်း ဘေးတွေပဲ ဖြစ်ပါတယ်။ မုတ်သုံလေ အ၀င် နောက်ကျ လာလို့ မိုးကြို ကာလ ပိုရှည်လျား လာတာတွေ၊ မုတ်သုံအထွက်စောလို့ မိုးလွန် ကာလ ပိုရှည်လျား လာတာတွေ အပြင် မုတ်သုံ ကာလ အတွင်း မုတ်သုံလေ အားမမှန်ဘဲ မကြာခဏ အားပြတ်နေတတ် တာတွေ ကြောင့် မြန်မာနိုငံမှာ မိုးတိမ်တောင်တွေ ပိုအဖြစ် များလာ ပါတယ်။

 

ဒီတော့ မိုးတိမ်တောင် တွေက ဖြစ်တတ်တဲ့ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာ၊ လေဆင်နှာမောင်း တိုက်ခတ်တာ၊ စိုက်ဆင်း လေပြင်း တိုက်ခတ် တာ၊ နေရာကွက် မိုးကြီးတတ်တာတွေ ပိုအဖြစ် များလာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ကတည်းက နှစ်စဉ်ပါပဲ။ နေရာကွက် မိုးကြီးတဲ့အခါ နောက်ဆက်တွဲ ပါလာတာတွေကတော့ လျပ်တပြက် ရေကြီးတာနဲ့ မြေပြို ကျတာ တွေပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကတည်းက အဖြစ်များ လာကြတဲ့ ဒီမိုးတိမ်တောင်နဲ့ ဆက်နွယ်နေတဲ့ အန္တရာယ်တွေဟာ လက်ရှိ ၂၀၁၁ ခုနှစ်မှာလည်း လျော့မသွားခဲ့ ကြပါဘူး။ ဒီနှစ် မိုးကြိုကာလနဲ့ မုတ်သုံလေ ၀င်ရောက် နေစဉ်ကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးတိမ်တောင် တွေကြောင့် မိုးကြိုးပစ်တာ ထိမှန်လို့ သေဆုံးသူပေါင်း (၃၀) ကျော်ရှိခဲ့ ပါပြီ။ လေဆင်နှာမောင်း တိုက်တာ (၇)ကြိမ် လောက် ရှိခဲ့ပြီ။ မြေပြိုကျတာ (၃) ကြိမ်လောက် ရှိခဲ့ပြီ။

 

 

လောလောဆယ်မှာတော့ မိုးတိမ်တောင် လျော့နည်း နေပါတယ်။

အခု လက်ရှိ အချိန်မှာတော့ အနောက်တောင် မုတ်သုံလေ ၀င်ရောက်ခဲ့ပြီး ဖြစ်လို့ မိုးတိမ်တောင် တွေ ကုန်းမြေ အပေါ်မှာ အဖြစ်နည်း သွားပါပြီ။ ပင်လယ်ထဲမှာ ပဲ ပိုအဖြစ် များနေပါတယ်။ ဒါကြောင့် ကုန်းမြေပေါ်မှာ မိုးတိမ်တောင် အန္တရာယ် လက်ရှိမှာ လျော့သွား နေပါတယ်။ အဲ..တစ်ခုတော့ သတိထားရမှာက အခုနောက်ပိုင်း နှစ်တွေမှာ မုတ်သုံလေဟာ အားမမှန် ရှိတတ်တာကြောင့် မုတ်သုံလေ အားနည်း အားပျော့သွားတာ နဲ့  မိုးတိမ်တောင်တွေ ပြန်ဖြစ် လာတတ်တာ ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။

 

 

အသွင်တမျိုး နဲ့ အဆင်ပျိုးနေတဲ့ ဒီနှစ် မုန်တိုင်းတွေ။

ဘင်္ဂလားပင်လယ်အော်ရဲ့ ဒီနှစ်မုန်တိုင်း တွေကတော့ အိနြေ္ဒကြီးပါ့ ဗျာ။ အရှေ့ ဖက်က တောင်တရုတ်ပင်လယ်၊ အနောက်ဖက် အာရေဗျပင်လယ်၊ ဒီဘေး တစ်ဖက်တစ်ချက်က ပင်လယ် တွေမှာ မုန်တိုင်းတွေ ဟောတစ်ခု၊ ဟောတစ်ခု၊ ဖြစ်နေကြတယ်။ ဘင်္ဂလားပင်လယ်အော် ကတော့ လှုပ်ရှားမှု အလျဉ်းမရှိ။ ဇွန်လ လ၀က် ရောက်တဲ့အထိ မုန်တိုင်း တစ်ကြိမ်မှ မဖြစ်သေးပါဘူး။ ဇွန်လ အကုန်အထိ လည်း ဖြစ်ဖို့ အလားအလာ မတွေ့ ရသေးပါဘူး။ မနှစ်က အတိုင်းဆိုရင်တော့ စက်တင်ဘာ မိုးကုန်တဲ့ အထိလည်း တစ်ကြိမ်မှ မဖြစ်ပဲ ရှိသွားနိုင် ပါတယ်။ ဒါဆိုရင် တော့ စဉ်းစားစရာ အချက်တွေ ရှိလာပြီ။

 

 

စဉ်းစားစရာတွေ

မုန်တိုင်းတွေ အဖြစ်နည်းတော့ မကောင်းဘူးလားလို့ မေးနိုင်ပါတယ်။ ပြောဖို့ ခက်တယ်ဗျာလို့ ပဲ ကျွန်တော် ဖြေရမှာ ပါပဲ။ အကြောင်း ကတော့ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေ အဖြစ်နည်းလာတာ ၁၉၇၈ ခုနှစ် ကတည်းက ပါ။ ဒါပေမယ့် ခက်တာက အဖြစ်နည်းသွားတဲ့ ကာလက ကျွန်တော်တို့ မြန်မာပြည်ကို မ၀င်တဲ့ မိုးတွင်း ကာလ ဖြစ်နေပါတယ်။ မြန်မာပြည် ကိုအ၀င်များတဲ့ မိုးကြို နဲ့  မိုးလွန်ကာလ တွေမှာတော့ ပိုတောင် အဖြစ်များ လာနေပါ သေးတယ်။ နောက်တစ်ချက် က မုန်တိုင်းတွေ အဖြစ်နည်းလာတဲ့ အခါ ဖြစ်လာသမျှ မုန်တိုင်းတွေ ကတော့ ပိုမိုပြင်းထန် လာတတ် ကြ ပါတယ်။ Frequency-Intensity  ပြောင်းပြန် ဆက်စပ်မှု လို့ပဲ  ဆိုကြပါတော့။ ကဲ လက်ရှိ အနေအထားအရ စက်တင်ဘာလ ကုန်တဲ့ အထိ မုန်တိုင်းတစ်ကြိမ်မှ မဖြစ်ဘူးဆိုပါတော့။  

 

ဒီတော့ လက်ကျန် (၃) လဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ နဲ့  ဒီဇင်ဘာလ တွေမှာ ဘယ်လို ဖြစ်လာနိုင်မလဲ။ ???

 

 

 

မုန်တိုင်း ဘာလည်း ?? ၊ ဘယ်လည်း ???

ဒါကတော့ မုန်တိုင်းသမိုင်း စာရင်းအင်း မှတ်တမ်းနဲ့ ဆိုင်လာပြီ။ လွန်ခဲ့တဲ့ မုန်တိုင်းသမိုင်းမှာ ဘင်္ဂလား ပင်လယ်အော် မှာ အနည်းဆုံး တစ်နှစ် မုန်တိုင်း (၄) ကြိမ်တော့ ဖြစ် ပါတယ်။ ၁၉၇၈ ခုနှစ် နောက်ပိုင်း ကာလ တွေမှာ မုန်တိုင်း ပျမ်းမျှ အနေနဲ့ တစ်နှစ်ကို (၆ ) ကြိမ်ဖြစ် ပါတယ်။ ဒီတော့ ကျွန်တော် အခု ၂၀၁၁ ခုနှစ်၊ လာမယ့် ဒီဇင်ဘာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း (၄) ကြိမ်မှ (၆) ကြိမ် ဖြစ်နိုင် တယ် လို့ ခန့်မှန်း ရင် အများ လက်ခံ နိုင်လောက်တဲ့ အယူအဆပဲ ဖြစ်ပါလိမ့်မယ်။

 

 

အချိန်အခါ မဟုတ်ရင် right theory wrong place ဖြစ်တတ်တယ်။

ဒီတော့ ကျွန်တော်တို့ အတွက် စဉ်းစားစရာ ဖြစ်လာပါပြီ။ အောက်တိုဘာလ မှ ဒီဇင်ဘာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း(၄)လုံးကနေ (၆) လုံးအထိ ဖြစ်နိုင်တယ်ဆိုလိုက်တာနဲ့ ကျွန်တော်တို့အတွက် အရေးကြီးတာ(၂)ချက် ထွက်ပေါ် လာပါတယ်။ ပထမ အချက်ကတော့ အဲဒီ အောက်တိုဘာလကနေ ဒီဇင်ဘာလ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်း ရာသီ ဖြစ်ပါတယ်။ မုန်တိုင်း အန္တရာယ်ကို သတိထား ရတော့မယ်။

 

မနှစ်ကပဲ အောက်တိုဘာလ ထဲမှာ ဂီရိ မုန်တိုင်း ၀င်ခဲ့သေးတယ်လေ။

 

အဲ.. ဒုတိယအချက်ကတော့ အဲဒီ အောက်တိုဘာလ ကနေ ဒီဇင်ဘာလ အတွင်း မုန်တိုင်းတွေဖြစ်ရင် ဒီမုန်တိုင်းတွေရဲ့ လမ်းကြောင်း နဲ့ အကျိုး သက်ရောက်မှု တွေဟာ အရှေ့မြောက် ဖက်ကို ချည်းပါပဲ။ ဒီတော့ မြန်မာနိုင်ငံ မှာ နှင်းမိုးတွေ၊ အခါလွန်မိုးတွေ၊ အချိန်အခါ မဟုတ် မိုးတွေ ရလာ နိုင်တယ်။

အဲဒီမိုးတွေဟာ ကောင်းကျိုးပေးမလား၊ ဆိုးကျိုးပေးမလားဆိုရင် ဖြေဖို့တော့ အတော်ခက်ခဲ ပါလိမ့်မယ်။ ဘာပြုလို့လည်း ဆိုတော့ ဒါဟာ အသုံးပြုတဲ့ သူရဲ့ အပေါ်မှာ မူတည်နေလို့ ပဲ ဖြစ်ပါတယ်။ ရေလိုနေသူတွေ အတွက်တော့ "အောင်ရေ"၊ ရေပိုနေသူတွေအတွက်တော့ "ဖျက်မိုး" ဖြစ်သွား ပါလိမ့်မယ်။

 

 

တကယ်ဆိုရင် အစီအမံကောင်းပဲ လိုတယ်။

တကယ် အရေးကြီးတာက ရေလိုနေတဲ့ သူဘဲဖြစ်ဖြစ်၊ ရေပိုနေတဲ့ သူပဲ ဖြစ်ဖြစ်၊ အရေးကြီးတာက အစီအမံကောင်းတွေ ရှိဖို့ ပဲ ဖြစ်ပါတယ်။ ဒါမှသာ ရေလိုနေတဲ့ သူတွေအနေနဲ့လည်း လိုနေတဲ့ ရေတွေကို အကျိုးရှိရှိ အသုံးပြုနိုင် ပေလိမ့်မယ်။ ရေပိုနေတဲ့ သူတွေအနေနဲ့လည်း ရေတွေကို ထိထိရောက်ရောက် ကြိုတင် ကာကွယ် နိုင်ပေလိမ့်မယ်။

 

ဒီနေ့ခေတ် ကာလ အနေအထား အရတော့ ရာသီဥတုနဲ့ ပတ်သက်လာရင် အရင်လို "ရေကန်အသင့်၊ ကြာအသင့်" မဖြစ်တာ ကြာပါပြီ။ အလွန်ပဲ ဖေါက်ပြန် နေပါတယ်။ ဖေါက်ပြန်တာကို ခုခံ ကာကွယ်ဖို့ ဆိုရာမှာ ပထမဆုံး အရေးကြီးတာက သြော်…. ဖေါက်ပြန်တတ်ပါလား ဆိုတာကို သိဖို့လို ပါတယ်။ နောက်ပြီး ဘာတွေ၊ ဘယ်လို ဖေါက်ပြန်တတ် သလည်း သိဖို့ အရေးကြီး လာပါတယ်။ နောက်ဆုံးတော့ အဲဒီ ဖေါက်ပြန်မှုတွေ ဘယ်လို အသိတွေ၊ ခေတ်မီ နည်းတွေနဲ့ ကျွန်တော်တို့ ကိုင်တွယ် ဖြေရှင်းကြ မလည်း ဆိုတာပဲ ဖြစ်ပါတယ်။

 

 

ဖေါက်ပြန်မှု ဆိုတာ ကျွန်တော်တို့ အတွက် မစိမ်းပါဘူးဗျာ။ ရာသီဥတုကသာ အခုမှ ဖေါက်ပြန် လာတာပါ။ ကျွန်တော်တို့ လူသားတွေ ဖေါက်ပြန်နေခဲ့ကြတာ ကြာပြီ မဟုတ်ပါလားဗျာ။

 

မောင်ထွန်းလွင် (မိုးလေ၀သ)

DR.Tun Lwin - MCCW

 

ဒီနေရာမှ ရယူဖော်ပြသည်။

http://www.tunlwin.com/latestdetail.php?myanmar=373


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment