လူမှုရေးအညွှန်းကိန်းတွေက ပြောနေတဲ့ လက်ရှိလယ်သမားများရဲ့ အခြေအနေ။
ရာသီဥတုတွေဖေါက်ပြန်နေတာတွေနဲ့အတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း တွေအပေါ် ထိခိုက်နေရတာတွေဟာ ဂရုမစိုက်လို့ မရတော့လောက်အောင် အရေးကြီးလာနေပါတယ်။ တောင်သူ လယ်သမားတွေ တောင့်ခံနိုင်ဖို့ အတော် အခြေအနေဆိုးရွားလာနေတာကို မျက်ဝါးထင်ထင် တွေ့နေရ ပါတယ်။ ဒီပြဿနာရဲ့ အတိမ်အနက် social index ကတော့ တစ်နေ့ထက်တစ်နေ့ လယ်ယာ လုပ်ငန်းတွေကို စွန့်ခွာပြီး တစ်ဖက်နိုင်ငံကို ပြောင်းရွှေ့နေကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတာဘဲ ဖြစ်ပါတယ်။
ရာသီဥတုဖေါက်ပြန်မှုတွေရဲ့ထိုးနှက်မှု
ရာသီဥတုဆိုးရွားလာမှုဒဏ်ကို တောင်သူလယ်သမားတွေနဲ့ လယ်ယာ လုပ်သားတွေ ခါးစီးခံရတာဟာ ပြောရရင်တော့ နာဂစ်ကစခဲ့တာပါဘဲ။ နာဂစ်ဒဏ် ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသက လယ်သမားမိသားစုတွေ အိုးမဲ့အိမ်မဲ့၊ မိသားစုမဲ့၊ အရင်းအနှီးမဲ့ ဖြစ်ခဲ့ကြရတာ တစ်တိုင်းတစ်ပြည်လုံး အသိဖြစ်ပါတယ်။ ဒီဒဏ်ရာဟောင်းတွေမှ နလံမထူနိုင်မီ ၂၀၀၉-၂၀၁၀ ဟာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုက ဖြစ်လာခဲ့တယ်။ အဲဒါပြီးတော့ တစ်ခါ ၂၀၁၀-၂၀၁၁ မှာ အေးပြီးစွတ်စိုတဲ့ လာနီညာရာသီဥတုက ဖြစ်ခဲ့ပြန်ပါတယ်။
၂၀၀၆ ခုနှစ်ကစခဲ့ပါတယ်။
ပြောရရင်တော့ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး ရာသီဥတုတွေဖေါက်ပြန်နေခဲ့တာ ကျွန်တော်တို့ လို ရာသီဥတုလေ့လာရေးသမားတွေ အနေနဲ့ တွေ့နေခဲ့ကြရပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး အခု လက်ရှိ ၂၀၁၁ နှစ်ဝက်ကာလအထိ ရာသီဥတုတွေ ကမောက်ကမရှိနေခဲ့ပါတယ်။ ပိုမိုလျော့နည်း လာတဲ့ မုတ်သုံလေအင်အားတွေနဲ့အတူ မုတ်သုံလေ၀င်ရောက်မှုတွေနောက်ကျ၊ ထွက်ခွာမှုကစော၊ ဒါကြောင့်.. မိုးကာလက တိုတောင်းလာခဲ့တယ်၊ မိုးတွင်းကာလ မုတ်သုံလေ အခြေအနေတွေက အားမမှန် ခဲ့ဘူး။ ဒါကြောင့် မုတ်သုံမိုးတွေ လျော့ခဲ့တယ်။ တစ်နှစ်ပတ်လုံး မိုးရေချိန်ပမာဏရဲ့ အနည်းဆုံး ၈၅% ကနေ ၉၅% လောက်အထိ ရွာသွန်းပေးနေခဲ့တဲ့ မုတ်သုံမိုးက မမှန်တော့ဘူး ဆိုမှတော့ မိုးရွာသွန်းမှုအခြေအနေတွေဟာ သွားပြီပေါ့။ ဒါဟာ စိုက်ပျိုးရေးကို တိုက်ရိုက်ထိခိုက် စေတော့တာပါဘဲ။
မုတ်သုံမုန်တိုင်းတွေက မုတ်သုံ အားတွေမမှန်ဖြစ်နေခဲ့တာကို ပြသနေပါတယ်။
မိုးတွင်းကာလရွာသွန်းတဲ့မိုးတွေလျော့နည်းသွားတာဟာ မုတ်သုံလေ အားမကောင်းတာကို ပြသနေတာဖြစ်တဲ့အပြင် ပိုဆိုးတာက အားမမှန်တော့ဘူး ဆိုတာကိုလည်း ပြသနေတာဘဲဖြစ်ပါတယ်။ အားမကောင်းတာကမှ မုတ်သုံလေက အားလျော့ကောင်းလျော့နေမယ်။ ဒါပေမယ့် နေ့တိုင်း ရှိနေတယ်။ အားမမှန်ဘူး ဆိုတာက၊ ရှိလိုက် မရှိလိုက်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ အားတွေပျော့ သွားလိုက်၊ ပြင်းထန်လာလိုက်။ ဒီလိုဖြစ်နေတာကိုပြောတာပါ။ မုတ်သုံလေအင်အားနဲ့ ပတ်သက်လို့ သာဓကအဖြစ် အထင်အရှားတွေ့ရာတာကတော့ မုတ်သုံမုန်တိုင်းတွေ လျော့နည်း လာတာပါဘဲ။ မုတ်သုံလေရဲ့ သွင်ပြင်လက္ခဏာတွေ(monsoon features) ထဲမှာ မုတ်သုံမုန်တိုင်း တွေ (monsoon depressions) ဟာ အဓိကအခန်းက ပါပါတယ်။ တကယ်တော့ မုတ်သုံလေ ရာသီဥတုမှာ အဓိက ပတ်လည်ဖြစ်စဉ် (၃)မျိုးရှိပါတယ်။ Three prominent oscillations (or) three prominent modes လို့လည်း ဘာသာရပ်စကားအရေ ခေါ်ပါတယ်။ ကြာမြင့်ချိန် ကိုယ်စီရှိနေကြတဲ့ အဲဒီ(၃)မျိုးကတော့ လွှဲချိန် (၅)ရက်မှ(၇) ရက်ရှိတဲ့ ဖြစ်စဉ်၊ လွှဲချိန် (၁၀)ရက်မှ(၂၀)ရက် ရှိတဲ့ဖြစ်စဉ် နဲ့ လွှဲချိန် (၃၀)ရက်နဲ့(၅၀)ရက်ရှိတဲ့ ဖြစ်စဉ်တွေဘဲ ဖြစ်ပါတယ်။ သာမန်မုတ်သုံရာသီဥတု ကာလတွေမှာ အဲဒီ(၃)မျိုးလုံးဟာ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်ကြရပါတယ်။ သူ့အလုပ်သူလုပ် နေကြရင် မုတ်သုံဟာ အတောင်အလက်စုံနေတဲ့ ငှက်တစ်ကောင်လို "ငှက်သွင်ပျံကြွ မတတ်သော်" လို့ ဆိုရသလိုပါဘဲ။ အဲဒီအထဲက လွှဲချိန် (၁၀-၂၀)ရက် ပျမ်းမျှ ယူရင်တော့ (၁၅)ရက်ပေါ့ဗျာ။ အဲဒီ (၁၅)ရက်ပတ်လည်ရှိတဲ့ ဖြစ်စဉ်ဆိုတာဟာ "မုတ်သုံမုန်တိုင်း"ကို ပြောတာဖြစ်ပါတယ်။ ဒါကို biweekly oscillation လို့လည်း ခေါ်ပါတယ်။ သဘောကတော့ဗျာ။ မုတ်သုံအားမှန်နေရင် မိုးတွင်း ကာလမှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုတ်သုံမုန်တိုင်းတွေဟာ နှစ်ပတ်တစ်ခါလောက် မှန်မှန်ဖြစ်နေ ကြတယ် ဆိုတဲ့သဘောပါဘဲ။ မုန်တိုင်းအဆင့်ဖြစ်မလာတဲ့တိုင်အောင် လေဖိအားနည်းရပ်ဝန်းတော့ ဖြစ်တယ်ဗျာ။ အခုတော့ အဲဒီမုတ်သုံမုန်တိုင်းတွေ အဖြစ်နည်းလာတာ ၁၉၇၈ ခုနှစ်ကစတာ ကနေ့ အထိပါဘဲ။ ဥပမာဗျာ လောလောလတ်လတ် ရှိတာလေးနဲ့ ဥပမာပြရရင်၊ မနှစ်ကမိုးရာသီကာလ ဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအထိ (၄)လလုံး မုတ်သုံမုန်တိုင်း တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့တာဟာ အခုနောက်ပိုင်း မုတ်သုံတွေ ဘယ်လောက် အတောင်အလက် မစုံဖြစ်နေတယ်ဆိုတာ အထင်အရှား ဆုံး သာဓကတွေပါဘဲ။
မုတ်သုံအားမမှန်တာနဲ့ မိုးတွင်းမှာ မိုးတိမ်တောင်မိုးတွေနဲ့ လေပွေလှိုင်း မိုးတွေ ရောစွက်လာပါတယ်။
အဲဒီတော့ မုတ်သုံမိုးတွေ အားမမှန်လို့လျော့သွားပြီဆိုတာနဲ့ အခြား ဖြစ်စဉ်မိုးတွေဟာ နေရာယူလာကြတော့တာပါဘဲ။ အထူးသဖြင့် ပြန်ကျမိုး (conventive rain) တွေနဲ့ မုန်တိုင်း အကြွင်းအကျန်မိုး (storm remenant rain) နဲ့ အရှေ့လေပွေလှိုင်းမိုး (easterly wave rain) ဆိုတာတွေပါဘဲ။ ဒီမိုးတွေဟာ မုတ်သုံမိုးနဲ့စာရင် အများကြီးကွာပါတယ်။ အဓိက ကတော့ ဖြန့်ဝေမှုပါဘဲ။ ဒီမိုးတွေဟာ နေရာအနေနဲ့ရော၊ အချိန်ကာလအနေနဲ့ရော ဖြန့်ဝေမှု မကောင်းကြ ပါဘူး။ ဒါကြောင့် နေရာအနှံ့အပြားမရွာကြသလို ကာလရှည်လည်း မရွာတတ်ကြ ပါဘူး။ အခုရွာနေတဲ့ မိုးတွေက occasion ရှိမှ ရွာတတ်ကြတဲ့ occasional rain လို့ခေါ်ရမှာပေါ့ဗျာ။ ဒါကြောင့် မနှစ်က မုန်တိုင်းအကြွင်းအကျန်မိုးတွေရွာလို့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမှာ ရေကြီးနေတဲ့ အချိန်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ မိုးနည်းလို့ လယ်ကွင်းတွေကို ရေစုတ်စက်တွေနဲ့ ရေသွင်းပေးနေရပါတယ်။ ပြန်ကျမိုးတွေရွာစေတဲ့ မိုးတိမ်တောင်တွေဖြစ်လို့ မနှစ်က မိုးလယ်ကာလကြီးမှာ ပဲခူးတိုင်းအတွင်း မိုးကြိုးတွေပစ်လို့ လယ်ယာလုပ်ငန်း ၀င်နေကြတဲ့ ကောက်စိုက်သမတွေ မိုးကြိုးထိမှန်သေဆုံးကြရတယ်၊ ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်တွေပျက်စီးခဲ့ကြ ရတယ်။ တကယ်တော့ မုတ်သုံလေသာ အားမှန်နေခဲ့ရင် ဒီလိုမိုးတိမ်တောင်တွေဟာ မုတ်သုံကာလမှာ မဖြစ်ကြရပါဘူး။
အထိနာနေခဲ့ရတဲ့လယ်သမားတွေ
နာဂစ်ကစခဲ့တဲ့သဘာဝေဘေးဒဏ်တွေအပြင် နောက်ဆက်တွဲ ထပ်ဖြစ် လာခဲ့တဲ့ သဘာဝဘေး တွေကြောင့် လယ်သမားတွေ ပိုအထိနာစေခဲ့ရပါတယ်။ ၂၀၁၀ ရဲ့ နွေဟာ အလွန်ပူပြင်းခြောက်သွေ့ ခဲ့တယ်။ လယ်ယာသုံး ရေသာမက သောက်သုံးရေတွေပါ ပြတ်တောက်တဲ့အထိ မိုးနည်းရေရှား ခဲ့တယ်။ တစ်ခါ နှစ်ကုန်ကာနီး မိုးလွန်ကာလရောက်လာတော့ ဂီရိမုန်တိုင်းက မြန်မာပြည်ကို ၀င်ခဲ့ပြန်တယ်။ ဒိတစ်ခါတော့ အချိန်အခါမဟုတ်မိုးတွေ ရွာစေခဲ့ပြန်ပါတယ်။ လယ်သမားတွေ ပြန်လည်ကုန်းရုန်းပြီး နွေစပါးနဲ့အတူ ငွေမြန်မြန်ပေါ်နိုင်တဲ့ ပဲကိုအာရုံစိုက်တဲ့ပြီး ၂၀၁၁ ခုနှစ်ကို အားကိုးတကြီးနဲ့ ကူးလာခဲ့ကြတယ်။ ဟော..မတ်လ(၁၄)ရက်ကနေ (၁၇)ရက်အထိ နွေခေါင်ခေါင် တပေါင်းလကြီးမှာ ဆောင်းတွင်းကြီးလိုအေးပြီး မိုးတွင်းကြီးလိုမိုးတွေ ရွာခဲ့ပြန်ပါတယ်။ စိုက်ထားသမျှ ပဲတွေ၊ နွေစပါးတွေ မိုးမှန်ကုန်ခဲ့ရတယ်။ ပဲတွေအက်ကွဲ၊ စပါးတွေပျက်စီး နဲ့ ဒီတစ်ခါ… ကျွန်တော်တို့ လယ်သမားတွေ ဆိုးရွားလွန်းတဲ့ ရာသီဥတု၊ ဆိုးရွားလွန်းတဲ့ ကံကြမ္မာ ဘယ်ဟာကိုမျှ ယိုးမယ် မဖွဲ့နိုင်တော့ပါဘူး။ ဘာကြောင့်ဆိုတာကိုလည်း တွေးနိုင်အားမရှိတော့ပါဘူး။ အထိနာခဲ့ကြပြီ။
၂၀၁၁ ခုနှစ်မှာလည်း မုတ်သုံရာသီဥတုအခြေတကျ မရှိသေးပါ။
အခုဆိုရင်၂၀၁၁ ခုနှစ်၊ဇွန်လရောက်ခဲ့ပါပြီ။ မုတ်သုံလေလည်း ၀င်ရောက် ခဲ့ပါပြီ။ မေလ အတွင်းမှာ ယာယီဝင်တဲ့သဘောလောက်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း အထိ ၀င်ရောက်ခဲ့ပေမယ့် အခြေတကျ မရှိခဲ့ဘဲ၊ အခုဇွန်လဆန်း လက်ရှိမှာတော့ မုတ်သုံလေဦးရဲ့ မြောက်ဖက်အနားသတ်ဟာ မြစ်ဝကျွန်းပေါ်လောက်မှာသာ ပီပီပြင်ပြင်ရှိနေပါတယ်။ လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်လို့ အသက်ဆုံးရှုံးရမှုတွေ၊ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကတော့ မေလကုန်အထိ အလယ်ပိုင်း ဒေသနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ စံချိန်တင်လောက် ပါတယ်။
ဘူးလေးရာဖရုံဆင့်မှာ စိုးမိတယ်။
ဒီလိုအခြေအနေမျိုးတွေထဲမှာ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ မိုးကြိုကာလဟာ မုန်တိုင်းမဲ့နဲ့ ကျော်လွန် သွားခဲ့ရပြန်ပြီ။ လေဖိအားနည်းရပ်ဝန်း ကလေးတောင် ပီပီပြင်ပြင်မရှိခဲ့တဲ့ ဒီနှစ်မိုးကြိုကာလဟာ ထူးခြား နေခဲ့ပါတယ်။ တစ်ခါ…မနှစ်ကလို မိုးတွင်းကာလတစ်ခုလုံး မုန်တိုင်းတွေမဖြစ်ဖူးဆိုရင် စက်တင်ဘာလ ကုန်အထိ ဒီနှစ်အတွင်း မုန်တိုင်းမဖြစ်သေးတဲ့သဘောဖြစ်သွားပါလိမ့်မယ်။ ဘင်္ဂလား ပင်လယ်အော် ဆိုတာ အခုနောက်ပိုင်း ကာလတွေမှာ တစ်နှစ် အနည်းဆုံးမုန်တိုင်း (၄)လုံးမှ (၆)လုံးအထိ ဖြစ်တတ် တာမို့..ဒါဆိုရင် ဒီနှစ်မိုးနှောင်းမိုးလွန်ကာလတွေဟာ မုန်တိုင်းတွေနဲ့ဝေဆာနေလေမှာ တွေးပူမိပြန် ပါတယ်။ အချိန်အခါမဟုတ် မိုးတွေ ဖြစ်နေမှာမို့ မနှစ်က ဂီရိမုန်တိုင်းကို သတိရစေပြန်ပါတယ်။ ဒါဆိုရင် ရိတ်တာ သိမ်းတာတွေကို စံနစ်တကျစီစဉ်ရတော့မယ်။
ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေလိုအပ်ပါတယ်။
ငယ်ငယ်သင်္ချာတွက်တာကိုသတိရမိပြန်တယ်။ မီးချောင်း(၁)ချောင်းကို လူတစ်ယောက် ဆင်တာ(၁)နာရီကြာတယ်။ ဒါကြောင့် မီးချောင်း(၁၀)ချောင်းဆိုရင် (၁၀)နာရီကြာမယ်ပေါ့။ ဒါပေမယ့် မီးချောင်း(၁၀)ချောင်းကို (၁)နာရီနဲ့ အပြီးဆင်ချင် တယ်ဆိုရင် ရနိုင်တယ်ဆိုတာကို သင်္ချာက သင်ပေးထားတယ်။ လူ(၁၀)ယောက်နဲ့ ဆင်ရင် မီးချောင်း(၁၀)ချောင်းဟာ တစ်နာရီဘဲကြာမှာပေါ့။ မိုးလွန်ကာလမှာ အချိန်အခါမဟုတ်မုန်တိုင်းမိုးတွေ ဆင်လာရင်တော့ အချိန်ကိုအလေးထား လုပ်ကြရမယ့်ကိစ္စတွေမှာ ဒီလို သင်္ချာအတွေးလေးတွေက အလွန်အရေးကြီး လာပါ လိမ့်မယ်။ ဒီတော့ စက်မှုလယ်ယာကဏ္ဍကပေးလာနိုင်တဲ့ စွမ်းအား(Power) မြှင့်တင်ရေး လုပ်ငန်းတွေ အလွန်အရေးကြီး လာပါလိမ့်မယ်။
ဒီတော့ ခေတ်မီတဲ့ စိုက်ပျိုးရေးစံနစ်ဆိုတာ တကယ်တော့ ကောင်းမွန်တဲ့ စီမံခန့်ခွဲရေးကသာ အဓိက ဖြစ်ကြောင်းပါဗျာ။
ဒီနေရာမှရယူဖော်ပြသည်။ http://www.tunlwin.com/latestdetail.php?myanmar=367
No comments:
Post a Comment