၂၀၁၁ ခုနှစ် ဇွန်လ ဒုတိယ(၁၅)ရက်အတွက် မိုးလေ၀သခန့်မှန်းချက်
ယခုနှစ်အဖို့ နောက်တောင်မုတ်သုံလေဟာ မေလ(၃၁)ရက်နေ့အတွင်းကဘဲ တပြည်လုံးကို ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်ရဲ့ မိုးကြိုကာလဟာ ကုန်ဆုံးခဲ့ပြီး မိုးဦးကာလထဲကို ၀င်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ မိုးရာသီဟာ ကြိုတင်ခန့်မှန်း ထားခဲ့တဲ့အတိုင်း သိသိသာသာနောက်မကျဘဲ ၀င်ရောက်လာနိုင်ခဲ့ပါပြီ။
မေလကုန်မှာတော့ လာနီညာဖြစ်စဉ်ဟာလည်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ လက်ကျန်ကာလတွေမှာ ကြားနေနှစ် ( ရိုးရိုးပုံမှန်နှစ်ဖြစ်ဖို့ ) အများဆုံးအလားအလာရှိနေပါတယ်။ လက်ရှိအချိန် အထိတော့ အနောက်တောင်မုတ်သုံလေဟာ ပြီးခဲ့တဲ့မေလ (၉) ရက်နေ့ ကဘဲ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ ဖြစ်တဲ့ တနင်္သာရီတိုင်း ဒေသကြီးနဲ့မွန်ပြည်နယ်တွေကို ၀င်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသတို့ကိုတော့ မေလ (၁၈) ရက်မှာ လုံး၀၀င်ရောက်ပြီး ဖြစ်ပါတယ် ။ ကျန်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကို မေလ (၂၂) ရက်နဲ့ မြောက်ပိုင်းဒေသများ ကိုတော့ မေလ (၃၁) ရက်နေ့မှာ ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုဝင်ရောက်ခြင်းဟာ မြန်မာနိုင်ငံ တောင်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသများ အဖို့ ရက်အနည်းငယ် နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း နှင့် တနိုင်ငံလုံးအနေ နဲ့ ခြုံကြည့် ရင်တော့ ပုံမှန်လောက် ရှိတယ်လို့ ပဲ ပြောနိုင်ပါတယ်။
ဇွန်လ ဒုတိယ(၁၅)ရက်အတွင်းမှာ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အနေနဲ့ ကတော့ ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပေမယ်လို့ မြန်မာနိုင်ငံကို အန္တရာယ် မပြုနိုင်ပါဘူး။
မိုးရွာသွန်းမှုအခြေအနေမှာ ဒုတိယ(၁၅)ရက်အတွင်းမှာ မိုးအားအနည်းငယ်လျော့နည်းသွားနိုင် ပေမယ့် မိုးရွာသွန်းမှုအနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်မှာ (၁၄) ရက်မှ (၁၅) ရက် ခန့်၊ ကချင်ပြည်နယ်မှာ (၁၃) ရက်ခန့် ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်း ဒေသကြီးတွေမှာ (၁၀) ရက်မှ (၁၂) ရက်ခန့်၊ ကျန်ဒေသများမှာ (၈) ရက်မှ (၉) ရက်ခန့် မိုးရွာသွန်းနိုင်ပါတယ်။
နေ့အပူချိန်များ အနေနဲ့ကတော့ ၂၀၁၁ ခုနှစ်ရဲ့ လာနီညာဟာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် အပူချိန်တွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများဖြစ်တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တွေမှာတော့ ဖြစ်မြဲအောက် အနည်းငယ် လျော့နည်း နိုင် ပါတယ်။ အပူချိန်တွေဟာ ကျန်ဒေသ တွေမှာ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ် နှင့် မြေလတ်ပိုင်း နဲ့ အလယ်ပိုင်း ဒေသတွေမှာ ဖြစ်မြဲ ခန့် ရှိနိုင်ပြီး၊ အပူဒဏ် ပုံမှန်ခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို (၄) ပိုင်းခွဲခြားပြောနိုင်ပါတယ်။ ပထမအပိုင်း ကတော့ ခါကာဘိုရာဇီတောင်ကုန်းဒေသ 14°C ± 1° C ခန့် ၊ ကချင်ပြည်နယ် အရှေ့မြောက် ပိုင်း 24°C ± 1° C ခန့် ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကချင်ပြည်နယ် တောင်ပိုင်း ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် 29°C ± 1° C ခန့် နှင့် ကျန်ဒေသများ မှာ 33°C ± 1° C ခန့် ရှိနိုင်ပါတယ်။
ဇွန်လ ဒုတိယ(၁၅)ရက်ပတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်ရာက ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာ နိုင်ပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်ပြင်မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်စွာ ဖြစ်ထွန်းနိုင်ပါတယ်။
MCCW
ဒီနေရာမှရယူဖော်ပြသည်။
http://www.tunlwin.com/latestdetail.php?myanmar=364
No comments:
Post a Comment