Monday 18 April 2011

[Myanmar weather watch] New doc: နမ်းမပြတ်ရွေ့၏ အပြင်းဆုံးမြေငလျင်ဆိုင်ရာ အချက်အလက်များအား လေ့လာမည်

created the doc: "နမ်းမပြတ်ရွေ့၏ အပြင်းဆုံးမြေငလျင်ဆိုင်ရာ အချက်အလက်များအား လေ့လာမည်"
Myanmar Weather created the doc: "နမ်းမပြတ်ရွေ့၏ အပြင်းဆုံးမြေငလျင်ဆိုင်ရာ အချက်အလက်များအား လေ့လာမည်"

နမ်းမပြတ်ရွေ့၏ အပြင်းဆုံးမြေငလျင်ဆိုင်ရာ အချက်အလက်များအား လေ့လာမည်

 

by 

Nyi Min from big brothers & sisters Group

 

 

ရှမ်းပြည်နယ်၊ တာလေတွင် မတ်လနှောင်းပိုင်းက လှုပ်ခတ်သွားခဲ့သည့် အင်အားပြင်း ငလျင်နှင့် သက်ဆိုင်သော ငလျင်ဆိုင်ရာ အချက်အလက်များအား မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ ယခုလဆန်းပိုင်းတွင် ကွင်းဆင်းမှတ်တမ်းယူ သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်များအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ကော်မတီ၏ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။

"တာလေငလျင်က ရွှေတြိဂံ ငလျင်ဇုန်ထဲမှာရှိတဲ့ နမ်းမပြတ်ရွေ့ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ မြေငလျင်တိုင်းစက်တွေနဲ့ မှတ်တမ်းယူနိုင်တဲ့ နှစ်ပေါင်း ၁၃၀ အတွင်း ဒီငလျင်ကြော ပေါ်မှာ ဖြစ်ခဲ့တဲ့ ငလျင်တွေထဲမှာတော့ တာလေငလျင်က အင်အားအပြင်းဆုံးပါပဲ။

လောလောဆယ်ရရှိထားတဲ့ ငလျင်အချက်အလက်တွေကို တိုက်ဆိုင်လေ့လာမှုတွေအရ နမ်းမပြတ်ရွေ့ရဲ့ အနောက်ပိုင်းတစ်လျှောက် အလျားကီလိုမီတာ ၂၀ လောက်က ပြတ်ရွှေ့ သွားခဲ့တယ်လို့ ယူဆပါတယ်။

ဘယ်နေရာမှာ ဘယ်လောက်ရွေ့သွားတယ်ဆိုတာကတော့ လက်တွေ့တိုင်းတာကြည့်မှ သိမှာပါ"ဟု ၎င်းက ဆိုသည်။ "ဒီလေ့လာမှုမှာ ပြတ်ရွေ့ရဲ့ ရွေ့လျားမှု၊ ပြတ်သွားတဲ့အလျား ဘယ်လောက်ရှိတယ်။ နောက်ပြီး ကျန်တဲ့ပြတ်ရွေ့အပိုင်းတွေရဲ့ အခြေအနေ ဘယ်လို ရှိတယ်ဆိုတာတွေကို လေ့လာပြီး နောင်မှာ ငလျင်ကြီး ထပ်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာတွေပါ ထည့်စဉ်းစားလို့ရတာပေါ့"ဟု ဦးစိုးသူရထွန်းက ပြောသည်။

ရွှေတြိဂံငလျင်ဇုန်တွင် ပါဝင်သော နမ်းမပြတ်ရွေ့သည် ကီလိုမီတာ ၈၀ ခန့် ရှည်လျားကာ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဖြတ်ပြီး အရှေ့မြောက်မှ အနောက်တောင်သို့ သွယ်တန်း လျက် ရှိသည်။

၎င်းပြတ်ရွေ့သည် လက်ဝဲရွေ့အလျားလိုက် ပြတ်ရွေ့အမျိုးအစား တစ်ခုဖြစ်ကာ ငလျင် ကော်မတီ အနေဖြင့်လည်း ပညာရှင်အင်အား လိုအပ်ချက်ကြောင့် ငလျင်ပြန်လည် ဖြစ်နိုင်ခြေကို လေ့လာခြင်း မပြုနိုင်သေးသည့် ပြတ်ရွေ့များအနက် တစ်ခုလည်း ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။

"ငလျင်ကြီးတွေဖြစ်ဖူးတဲ့ မှတ်တမ်းမရှိတော့ လူတွေအနေနဲ့ သတိထားပြင်ဆင်မှု အားနည်းတဲ့အခါ ငလျင်ဘေးအန္တရာယ် ပိုများတာပေါ့။ ငလျင်တိုင်းစက်တွေရဲ့ သက်တမ်းက နှစ်ပေါင်း ၁၃၀ လောက်ပဲရှိသေးတယ်။

အချို့ငလျင်ကြီးတွေက နှစ်ပေါင်း ၂၀၀ နဲ့ ၃၀၀ ကြာမှ လှုပ်တာမျိုးဆိုတော့ ငလျင် တိုင်းစက်ထဲက မှတ်တမ်းကို ကြည့်ပြီး ပြင်ဆင်မယ်ဆိုရင် မှားနိုင်တယ်။ မြန်မာနိုင်ငံက ငလျင်ဇုန်ထဲမှာရှိတော့ ဘယ်နေရာမှာမဆို ငလျင်လှုပ်တဲ့ ပြတ်ရွေ့တွေက ရှိနေတာပဲ။

ဒီတော့ အကောင်းဆုံးက အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ငလျင်အန္တရာယ် ကင်းအောင် ကောင်းကောင်းဆောက်ထားဖို့ လိုတယ်"ဟု ၎င်းက ပြောသည်။

တာလေငလျင်အား ကွင်းဆင်းလေ့လာမှု မှတ်တမ်းများသည် မြန်မာနိုင်ငံ၏ မြေငလျင် ဘေးအန္တရာယ် ကျရောက်နိုင်ခြေပြမြေပုံ ရေးဆွဲရေးလုပ်ငန်းစဉ်အတွက်လည်း တစ်စိတ် တစ်ပိုင်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။

မြေငလျင်ဘေးအန္တရာယ်ကျရောက်နိုင်ခြေပြ မြေပုံရေးဆွဲရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ထိုင်းနိုင်ငံ အခြေစိုက် အာရှသဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုဌာနနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော ငလျင်ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ စီမံကိန်းတစ်ရပ် ဖြစ်သည်။

Ref: The Myanmar Times

 

Nyi Min


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment